Chairman’s Message

Chairman's Message

U Aung Win Khaing ( Chairman )

 

 

          ဥက္ကဋ္ဌ ၏ အစီရင်ခံစာ

          အစုရှယ်ယာရှင်များခင်ဗျား . . . . .

          မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့

          ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

၁။      မင်္ဂလာရှိသော ယနေ့ကျင်းပသည့် MMID အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၏ နဝမ အကြိမ်မြောက် အစည်းအဝေး အစီရင်ခံစာ တင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းနှင့် ဤနှစ်ပတ်လည် အစည်းအဝေး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးပါသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် UMFCCI ဥက္ကဋ္ဌ၊ MRCCI ဥက္ကဋ္ဌ၊ အထူး ဧည့်သည်တော်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပဏာမအနေဖြင့် တင်ပြအပ်ပါတယ်။

အစုရှယ်ယာရှင်များခင်ဗျာ . . .

          MMID အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အစုရှယ်ယာရှင်အများ သိရှိနိုင်ပါရန် ကျွန်တော့်အနေဖြင့် အကျဉ်းချုပ်ပြီး တင်ပြလိုပါတယ်။

၂။       ဤစီမံကိန်းကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သည် Land Owner ဖြစ်၍ MMID အများနှင့်သက်ဆိုင်သောကုမ္ပဏီ  သည် Master Developer အနေဖြင့်   မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဒေသကျေးလက်ပြည်သူများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်လာစေရေး အတွက်  MMID မှ  ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းကြီး ဖြစ်ပါတယ်။

၃။      ဤစီမံကိန်းကြီး ဧရိယာသည် မိုးခေါင်ရေရှားရပ်ဝန်းတွင် ပါဝင်၍ ပူအိုက်ခြောက်သွေ့ ပြီး စိုက်ပျိုးရေး မဖြစ်ထွန်းသည့် ကျောက်စလစ်ကုန်းမြေ အများအပြား ပါဝင်သော နေရာဒေသ ဖြစ်ပြီး နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် ဒေသတစ်ခု ဖြစ်ပါသည်။  စင်္ကာပူ နိုင်ငံရှိ  SCP Group ကို ဖိတ်ခေါ်ပြီး Master Plan ကို ရေးဆွဲခဲ့ရာ ၁၅ နှစ်မှ ၂ဝ နှစ်  ရေရှည်စီမံကိန်းတစ်ခုဖြစ်၍ ရည်မှန်းဦးတည်ချက် (၅) ချက် ချမှတ်ပြီး အကောင်အထည်ဖော် တည်ဆောက်သွားရန်  လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ BOD အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူပြီး ဤစီမံကိန်းကြီး အောင်မြင်စေရေးအတွက်  ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး  ဇွဲ လုံ့လ ဝီရိယ အပြည့်ဖြင့် ယနေ့အထိ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MOU နားလည်မှု စာချွန်လွာလက်မှတ်ရေးထိုးခြင်း၊ ၂ဝ၁၂ ခုနှစ် MIC ခွင့်ပြုမိန့်ရရှိခြင်း၊ ၂ဝ၁၃ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးမှ စီမံကိန်းဆောင်ရွက်မှုအတွက် အတည်ပြုချက်များရယူခြင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သော လယ်ယာမြေများကို ထိုက်တန်သောမြေယာလျော်ကြေးများ ပေးအပ်စာချုပ် ချုပ်ဆို လွဲပြောင်းရယူခြင်း လုပ်ငန်းအဆင့်ဆင့်ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ (၂) နှစ်ကျော်ခန့် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၄။      စီမံကိန်းကြီး၏ ရည်မှန်းဦးတည်ချက် (၅) ချက်ကို တစ်ပြိုင်တည်း  2014 / 2015 တွင် ပထမဦးစွာ Infrastructure လမ်း၊ ရေ၊ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် 20 MVA – Substation  တစ်ခုနှင့် Transmission 66/11 KV ဓာတ်အားလိုင်း စုစုပေါင်း 38 km ခန့် တည်ဆောက်ပြီးစီးခဲ့ပြီး ၂ဝ၁၉ ခုနှစ်အထိ ပြည်ပ မှ Indonesia, Thailand, China, Netherlands, India, USA, Japan, Hongkong  စသည့် နိုင်ငံများ ဝင်ရောက်လာခဲ့၍ စက်ရုံ၊ အလုပ်ရုံပေါင်း (၂၁) ရုံ လည်ပတ်လျက်ရှိပြီး တည်ဆောက်ဆဲ Standard Factories,      Ware House, Office, Staff Dormitory (၃၂) ရုံ (၈၅%) တည်ဆောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ မိုးခေါင်ရေရှား ဒေသတစ်ခုလုံး ရေရရှိရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ရေစုကန် ကြီး/လတ် (၂၁) ကန် တည်ဆောက်ပြီးစီး၍ နှစ်စဉ် ရေဂါလံသန်းပေါင်း (၄၈ဝ) ခန့် စုစည်း သိုလှောင် အသုံးပြုလျက်ရှိပါတယ်။ ၄င်းအပြင် ဆီမီးခုံ (ဧရာဝတီ) ဆိပ်ကမ်းမှ မြို့သာစက်မှုဥယျာဉ်မြို့သို့ တစ်နာရီလျှင် ရေဂါလံ (၃၈ဝဝဝ) ပို့ပေးနိုင်သည့် ရေပိုက်လိုင်း စီမံကိန်းတစ်ခုကိုလည်း တည်ဆောက်ထားရှိပါတယ်။

၅။      ၂ဝ၂ဝ ခုနှစ် ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက် ကြုံတွေ့ရသဖြင့် ပြည်တွင်း ပြည်ပ ရင်နှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု နည်းပါးပြီး ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိပြီး MMID အများနှင့် သက်ဆိုင်သော ကုမ္ပဏီအနေဖြင့် ရည်မှန်းဦးတည်ချက် (၅) ချက် ဖြစ်သော  –

(၁)      မြို့သာစက်မှုဥယျာဉ်မြို့တစ်မြို့ အကောင်အထည်ဖော် တည်ဆောက်ခြင်း၊

(၂)      ရာသီမရွေး ကုန်တင် / ကုန်ချပြုလုပ်နိုင်သည့် ဆီမီးခုံ (ဧရာဝတီ) ဆိပ်ကမ်း တည်ဆောက်ခြင်း၊

(၃)      တံတားဦး (လေဆိပ်) စကားအင်းအဝိုင်းမှ ဆိပ်ကမ်းသို့ အချိန်တိုအတွင်း သယ်ယူပို့ဆောင် သွားလာနိုင်ရေး အတွက် အခိုင်အမာ လမ်းသစ်တစ်ခု တည်ဆောက်ခြင်း၊

(၄)      စိမ်းလန်းစိုပြေရေး၊ ဒေသခံကျေးလက် ပြည်သူများ အလုပ်အကိုင် အမြန်ရရှိစေ ရေးနှင့် တစ်ဖက်တစ်လမ်းမှ Sports Tourism အထောက်အကူပြုနိုင်ရေး အတွက် Championship Golf Course တစ်ခု တည်ဆောက်နိုင်ခြင်း

ရည်မှန်းချက် (၄) ချက်ကို အဆင့်တစ်ခုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အစုရှယ်ယာရှင်များခင်ဗျား . . .

၆။      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပါသဖြင့် ကမ္ဘာ့တတိယ အကြီးဆုံးသော ပဲမျိုးစုံ ထွက်ရှိသည့်နိုင်ငံ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် (၅၇%) ထွက်ရှိပါတယ်။ မြို့သာစက်မှုဥယျာဉ်မြို့တော်သည် မြေပြင်ပထဝီအနေအထားအရ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်/ မြောက် တို့၏ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ မီးရထားလမ်းကြောင်းများ အလွယ်တကူ ဆက်သွယ် သွားလာနိုင်သည့်  Logistic Hub ဆုံမှတ်တစ်ခု ဖြစ်ပါတယ်။

၇။      ရည်မှန်းချက် (၅) ဖြစ်သည့် CMAH   Project ၏ ရည်ရွယ်ချက်သည် ပြည်တွင်း/ ပြည်ပမှ ပဲမျိုးစုံ နှင့် စိုက်ပျိုးရေး သီးနှံ ထုတ်လုပ်သူများ၊ ရောင်းချသူများ၊ ဝယ်ယူသူများနှင့် ကျေးလက်ဒေသခံတောင်သူများ သမားရိုးကျ လုပ်ငန်းဆောင်ရွက်ရာမှ ခေတ်မီနည်း စနစ် များကို အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာတွင် အကြီးဆုံးသော ပဲမျိုးစုံနှင့် စိုက်ပျိုးရေးသီးနှံများ ပြည်တွင်း/ပြည်ပ ရောင်းဝယ်ရေး Center  တစ်ခု တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါတယ်။

၈။      Central Myanmar Agriculture Hub  –  CMAH   Project ကို ၂ဝ၂၃ ခုနှစ်၊ မေလ မှစတင်ပြီး မြို့သာစက်မှုဥယျာဉ်မြို့တော်တွင် (၅) နှစ်အတွင်း အာရှနိုင်ငံ၌ အကြီးဆုံးသော စိုက်ပျိုးသီးနှံနှင့် ပဲမျိုးစုံ International Trading Center  တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း နှင့် ရန်ကုန်မြို့ ပဲမျိုးစုံ ပြောင်း နှင့် နှမ်း ကုန်သည်များအသင်း MPBMSMA တို့၏ ဥက္ကဋ္ဌ များနှင့် EC, CEC အဖွဲ့ဝင်များအား ကျွန်တော်နှင့် ဒါရိုက်တာ၊ တာဝန်ရှိအဖွဲ့ဝင်များ သွားရောက် ဆွေးနွေးတင်ပြခဲ့ရာ မန္တလေးနှင့် ရန်ကုန်အသင်း အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသူ/အသင်းသားများ၏ ထောက်ခံအားပေးမှုနှင့် ပူးပေါင်းပါဝင်မည့်အကြောင်း ဆန္ဒရယူ နိုင်ခဲ့ပါတယ်။

၉။      CMAH Project ၏ ရည်ရွယ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ကို သွားရောက်တွေ့ဆုံ တင်ပြခဲ့ရာ ဤစီမံကိန်းကြီး အောင်မြင်နိုင်စေရေးအတွက် လမ်းညွန်မှုများ နှင့် အားပေးထောက်ခံမှုများကို ရရှိခဲ့ပါတယ်။

အစုရှယ်ယာရှင်များခင်ဗျား . . .

၁ဝ။    ဤစီမံကိန်းကြီး အောင်မြင်စေရေးအတွက် အဓိကလိုအပ်သည့် (၁) လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ခြင်း၊ (၂) လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ (၃) ဆီမီးခုံ (ဧရာဝတီ) ဆိပ်ကမ်းတွင် 40ft Container များဖြင့် ရာသီမရွေး ကုန်တင်/ကုန်ချ ပြုလုပ် နိုင်ခြင်း စသည့် ဝန်ဆောင်မှုများ ပေးနိုင်မှသာလျှင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကိန်းကြီး အမြန်ဆုံး တိုးတက် အောင်မြင်လာမှာ ဖြစ်ပါတယ်။

၁၁။    MMID အများနှင့် သက်ဆိုင်သောကုမ္ပဏီ သည် အချိန်တိုအတွင်း သယ်ယူပို့ဆောင် သွားလာနိုင်ရေးအတွက် ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ၃၆ မိုင်အရှည်၊ ၂၄ ပေအကျယ် အခိုင်အမာ ကွန်ကရစ်လမ်းသစ်ကို အဆင့်မြှင့်တင် စတင်ခင်းကျင်း တည်ဆောက်လျက်ရှိပြီး ၂ဝ၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြို့သာစက်မှုဥယျာဉ်မြို့သို့ တည်ဆောက်ပြီးစီးမည်ဖြစ်၍ ၂ဝ၂၅ ခုနှစ် မကုန်မီ ဆီမီးခုံ (ဧရာဝတီ) ဆိပ်ကမ်းသို့ တည်ဆောက်ပြီးစီးမည်ဖြစ်ပါတယ်။

အစုရှယ်ယာရှင်များခင်ဗျား . . .

၁၂။     လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက် MMID ကုမ္ပဏီနှင့် China EnerEver Solutions (Shanghai) Company Limited တို့ JV ပြုလုပ်ပြီး EnerEver Myotha Solar City Development Co., Ltd အမည်ဖြင့် စာချုပ် ချုပ်ဆိုပြီး မန္တလေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) သို့ တင်ပြခဲ့ရာ (၅- ၉ -၂ဝ၂၄) နေ့တွင် ခွင့်ပြုမိန့်ကို ရရှိခဲ့ပြီးဖြစ်၍ ၂ဝ၂၅ ခုနှစ်၊ မတ်လမတိုင်မီ မြို့သာစက်မှုဥယျာဉ်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကို နေ့အချိန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါတယ်။

၁၃။    2023 / 2024  ခုနှစ်တွင် နယ်မြေဒေသများ၏ အေးချမ်း တည်ငြိမ်မှု မရှိခြင်းကြောင့် ပြည်တွင်း/ ပြည်ပမှ Investor များ ဝင်ရောက်လာခြင်း အလွန်နည်းပါးပြီး စီးပွားရေး စိန်ခေါ်မှု များစွာ ကြုံတွေ့ခဲ့ရသော်လည်း MMID –Director အဖွဲ့ဝင်နှင့် တာဝန်ရှိပုဂ္ဂုလ်များ ပြည်တွင်း/ ပြည်ပမှ Investor များကို ဖိတ်ခေါ်ခြင်း၊ ပြပွဲများသို့ တက်၍ MMID Master Plan စီမံကိန်းကို ရှင်းလင်းပြသခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါတယ်။ စီမံကိန်းကြီးရဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် လုပ်ငန်းများကို မရပ်မနားဘဲ အဓိကလိုအပ်သည့် Financing Rolling Capital ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေ စေရန်အတွက် BOD အဖွဲ့မှ စွန့်စားပြီး ဆောင်ရွက်ခဲ့ရခြင်း၊ Corporate Governance Director အဖွဲ့ဝင်များ၏ မှန်ကန်သော အကြံပြုချက် ပံ့ပိုးမှုရရှိခြင်းတို့ကြောင့် MMID ကုမ္ပဏီ ဌာနအသီးသီးရှိ အရာထမ်း ဝန်ထမ်းများ  စည်းလုံး ညီညွတ်၍ တာဝန်ကျေပွန်စွာ ဇွဲ လုံ့လ ဝီရိယဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် အခက်အခဲများကို ကျော်လွား နိုင်ခဲ့ပါတယ်။

အစုရှယ်ယာရှင်များခင်ဗျား . . .

၁၄။    မြို့သာစက်မှုဥယျာဉ်မြို့တော်တွင် ပြည်တွင်း/ ပြည်ပမှ ဝင်ရောက်လာသည့် စက်ရုံ အလုပ်ရုံများ၏ ၇၀% သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံ ကုန်ကြမ်းများကို အသုံးပြု၍ Value Added ကုန်ချောများ ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပသို့  တင်ပို့ရောင်းချလျက်ရှိပါတယ်။ အဓိက လိုအပ်လျက်ရှိသည့် ကောင်းမွန်သော လမ်းပန်းဆက် သွယ်ရေးနှင့် လျှပ်စစ်မီး ပုံမှန်ရရှိနိုင်ခြင်းကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရရှိတော့မည် ဖြစ်ပါ၍ မြန်မာနိုင်ငံအရပ်ရပ်မှ စက်ရုံ အလုပ်ရုံ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ MSME လုပ်ငန်းများကို အထူးဦးစားပေးပြီး MMID အများနှင့် သက်ဆိုင်သော ကုမ္ပဏီအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

၁၅။    ကျွန်တော့အနေဖြင့် အထူးတင်ပြလိုသည်မှာ MMID အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အပေါ် (၁၀) နှစ်ကျော်ကာလအတွင်း အစုရှယ်ယာရှင်များအားလုံး၏ ယုံကြည်မှု၊ အားပေးပံ့ပိုး မှုများ အပြည့်အဝရရှိထားခြင်းကြောင့် စီမံကိန်းကြီး၏ ရည်မှန်းချက် (၅) ချက်သည် အဆင့်တစ်ခုသို့ တိုးတက် အောင်မြင်လျက်ရှိနေခြင်းကို ယနေ့ အစုရှယ်ယာရှင်များအားလုံး မျက်ဝါးထင်ထင် တွေ့မြင်နေရပြီလို့ ကျွန်တော့်အနေဖြင့် ယုံကြည်ပါတယ်။ MMID ကုမ္ပဏီ အနေဖြင့် ရှေ့လာမည့် (၃) နှစ်အတွင်း IPO-Stock Listing ဝင်ရောက်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားရှိခြင်း သတင်းကောင်းကို ပေးအပ်လိုပါတယ်။ အစုရှယ်ယာရှင်များအနေဖြင့် စီမံကိန်းကြီး တိုးတက်ရာ တိုးတက်ကြောင်း အကြံဉာဏ်ကောင်းများ ပေးနိုင်ပါရန် အမြဲ ဖိတ်ခေါ်လျက် ရှိပါကြောင်းနှင့် အစုရှယ်ယာရှင်များအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုအင်ဆန္ဒပြည့်ဝနိုင်ကြပါစေ။

 

အားလုံးကို ကျေးဇူးတင်ပါတယ် . . .

    Etiam magna arcu, ullamcorper ut pulvinar et, ornare sit amet ligula. Aliquam vitae bibendum lorem. Cras id dui lectus. Pellentesque nec felis tristique urna lacinia sollicitudin ac ac ex. Maecenas mattis faucibus condimentum. Curabitur imperdiet felis at est posuere bibendum. Sed quis nulla tellus.

    ADDRESS

    63739 street lorem ipsum City, Country

    PHONE

    +12 (0) 345 678 9

    EMAIL

    info@company.com